နှစ်ပေါင်း ၁၆ နှစ်ကျော် ကြာမြင့်ပြီဖြစ်သော အမျိုးသားပြတိုက် (ရန်ကုန်)ကို နိုင်ငံတကာ အဆင့်မီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောသည်။ ဖေဖော်ဝါရီ ၂၅ ရက် အမျိုးသားပြတိုက် (ရန်ကုန်)တွင် ပြုလုပ်သည့် ပြတိုက် အဆင့်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ပြတိုက်ပေါင်း ၃၁ ခုမှ တာဝန်ရှိသူများ၊ ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့သည်။ ပြတိုက်ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရန်၊ ခင်းကျင်းပြသမှု ပုံစံများကို နိုင်ငံတကာအဆင့်မီ ပြုပြင်ပြောင်းလဲရန်၊ ပြတိုက်ပစ္စည်းများ စုဆောင်းရာတွင် မူဝါဒများ ပြောင်းလဲရေးနှင့် ပြတိုက်ပစ္စည်း လှူဒါန်းမည့် ပြည်သူများ၏ ယုံကြည်မှုရရှိစေရန်၊ ပြတိုက်ပစ္စည်းများကို ရေရှည်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်နှင့် ပြတိုက်များသည် ပညာပေးသက်သက် မဟုတ်ဘဲ အပန်းဖြေနေရာများ အဖြစ်ပါ ဖန်တီးပြသရန် လိုအပ်ကြောင်း သက်ဆိုင်ရာ နယ်ပယ်မှ ပညာရှင်များက ဝိုင်းဝန်းဆွေးနွေးခဲ့သည်။ “အိမ်နီးချင်း အာဆီယံနိုင်ငံတွေရဲ့ ပြတိုက်တွေနဲ့ ယှဉ်ရင် တော်တော်လေး နောက်ကျကျန်ခဲ့ပြီ” ဟု ပြတိုက်ပစ္စည်း စုဆောင်းရေး မူဝါဒနှင့် ခင်းကျင်းပြသမှု နည်းစနစ်များတွင် ကျွမ်းကျင်သူ ဒေါ်နုမြဇံက ပြောသည်။ “ပြတိုက်တွေဟာ နိုင်ငံနဲ့ လူမျိုးရဲ့ယဉ်ကျေးမှု၊ ဂုဏ်သိက္ခာ၊ ပညာအတွေးအခေါ် အဆင့်အတန်းကို ပြသပါတယ်” ဟု ယဉ်ကျေးမှုဗဟို ကော်မတီဝင် ဒေါက်တာ တိုးလှက ပြောသည်။ အမျိုးသားပြတိုက် (ရန်ကုန်)ကို ၁၉၅၂ ခုနှစ်တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ စတင်ဖွင့်လှစ်ခဲ့ပြီး နေရာပြောင်းရွှေ့မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ကာ ယခု ပြည်လမ်းရှိ အမျိုးသားပြတိုက်ကို ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။