တက္ကသိုလ်များတွင် ကျောင်းသူ၊ ကျောင်းသားများ နေထိုင်ရန် အဆောင်များ ပြန်လည် ထားရှိရေး နိုင်ငံတော်သမ္မတက စီစဉ်နေကြောင်း သမ္မတရုံး ၀န်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။ “အဆောင်တွေဆောက်ပါ၊ ပြန်ထားပေးမယ်လို့ သမ္မတကြီးက မှာထားတယ်။ ဒီအဆောင်တွေမှာ ထမင်းလည်း ကျွေးချင်ကျွေးမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ငယ်ငယ်ကလို ၄၅ ကျပ်နဲ့တော့ မဟုတ်ဘူးပေါ့ဗျာ” ဟု ဦးစိုးသိန်းက မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) ၌ အလုပ်သမားအဖွဲ့များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။ “အဆောင်တွေဖြစ်ဖို့က နှစ်နှစ်၊ သုံးနှစ်တော့ အနည်းဆုံး စောင့်ရမယ်။ အဆောက်အအုံတွေက အသစ်ကနေ ပြန်စဆောက်ရမှာ” ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ဆရာဒေါက်တာ ဦးသန်းလွင်ဦးက ဆိုသည်။ တက္ကသိုလ် အဆောင်များတွင် အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများ စုပေါင်းနေထိုင်ရသည့်အတွက် ယဉ်ကျေးမှုများ ဖလှယ်ရာတွင် လွယ်ကူသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အတွက်လည်း များစွာ အထောက်အကူ ရကြောင်း ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမအသင်းမှ အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က ပြောသည်။ “နယ်က ဆရာ၊ ဆရာမတွေလည်း ရန်ကုန်တက္ကသိုလ် ပြန်စရာမလိုဘူး။ အချိန်ကုန်၊ လူပင်ပန်း သက်သာတော့ သင်ကြားရေးမှာ ပိုအထောက်အကူ ရတာပေါ့” ဟု ဦးသန်းလွင်ဦးက ဆိုသည်။ ထို့အပြင် တက္ကသိုလ် အသီးသီးတွင် ကြုံတွေ့နေရသည့် ဖယ်ရီကား ပြဿနာ၊ လိုင်းကား ပြဿနာများလည်း အဆောင်များ တည်ဆောက်ပေးခြင်းဖြင့် ဖြေရှင်းပြီး ဖြစ်နိုင်သည်။ “အဆောင်ထားတာက တက္ကသိုလ်ဆိုတဲ့ အနှစ်အရသာကို သိရတာပါ။ အခု တက္ကသိုလ်တွေကတော့ အထက်တန်းကျောင်းလိုပဲ” ဟု တက္ကသိုလ် အဆောင်များနှင့် ပတ်သက်၍ အဆိုတင်သွင်းခဲ့ဖူးသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားသည်။ တက္ကသိုလ်များ၌ အဆောင်များ ထားရှိခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ လူမှုဆက်ဆံရေး ကောင်းခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဖြစ်စေခြင်း၊ မိဘဆွေမျိုးများနှင့် ဝေးနေသော်လည်း ဆရာ၊ ဆရာမများက စည်းကမ်းတကျ ထိန်းသိမ်းထားသည့်အတွက် လေလွင့်ပျက်စီးမှု အန္တရာယ် နည်းပါးနိုင်သည်ဟု ၎င်းက ဆိုသည်။ “နယ်က အဆောင်တွေမှာဆို ကျောင်းသူတွေ ပျက်စီးနေတာတွေ၊ ကျောင်းသားတွေ ဆေးသမား ဖြစ်နေတာတွေ အများကြီး တွေ့နေရတယ်” ဟု ဒေါ်ဒွဲဘူက ဆိုသည်။ တက္ကသိုလ် အဆောင်များတွင် နေထိုင်ရခြင်းသည် အဆောင်လှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ အားကစားလှုပ်ရှားမှု စသည့် အခွင့်အလမ်း များလည်း ရှိသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။