မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို သီးခြားလွတ်လပ်သော အဖွဲ့အစည်း ဖြစ်လာစေရန် နိုင်ငံတော်သမ္မတက တိုက်ရိုက် စီမံနိုင်သည့် အချက်များကို လက်ရှိ ဗဟိုဘဏ် ဥပဒေကြမ်းတွင် ဖြည့်စွက်ရေးဆွဲကာ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်စိုးက အတည်ပြု ပြောကြားသည်။ ဆဋ္ဌမအကြိမ် လွှတ်တော်ကာလ အတွင်း အတည်ပြုသွားမည့် လက်ရှိ ဥပဒေကြမ်းတွင် အထက်ပါ အချက်များ အပါအဝင် စုစုပေါင်း ၁၈၅ ချက် ပြင်ဆင်ထားပြီး ပြည်ထောင်စု လွှတ်တော်ကို ထပ်မံတင်ပြရမည် ဖြစ်သောကြောင့် အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောကြားသည်။ ဗဟိုဘဏ်အနေနှင့် တိုက်ရိုက်သီးခြား ရပ်တည်ခြင်းထက် ထိုသို့ တစ်ဆင့်ချင်း သွားခြင်းက ပိုမိုကောင်းမွန်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဟောင်းဖြစ်သူ ကမ္ဘောဇဘဏ်၏ လက်ရှိ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောဆိုသည်။ “နောက်မှ ကျွမ်းကျင်ပညာရှင်တွေ များလာမှ သီးခြားရပ်တည်တာ ပိုကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။ ဗဟိုဘဏ်ကို သမ္မတက တိုက်ရိုက် ကွပ်ကဲသဖြင့် လုပ်ငန်းများကို အဆင့်ဆင့် တင်ပြရခြင်း မရှိသောကြောင့် ဗဟိုဘဏ်သည် လုပ်ငန်းများကို လွတ်လပ် လျင်မြန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သမဝါယမဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ဆိုသည်။ ဗဟိုဘဏ်ကို လက်ရှိ အခြေအနေအထိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု လက်အောက်တွင် ထားရှိဆဲဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။